Rayong ကမ်းခြေ Biodiversity နှင့် အေးမြသောအလင်းရောင်

မေမေချစ်သော သားသားနဲ့ မီးမီးရေ..

ဧပြီလ ၂၇ ၊၂၈ ၊၂၉ ရက်တွေမှာ မေမေတို့ကျောင်း က Rayong ကိုလေ့လာရေး သွားရောက်ခဲ့ပါတယ်..။Rayong လေ့လာရေးခရီးစဉ် ဟာ ထိုင်းပင်လယ်ကွေ့ က ပင်လယ်ကမ်းစပ်မှာ ရှိတဲ့သက်ရှိတွေ…..အင်းဆက် တွေ….တော တောင်ရေမြေ သဘာဝတွေကိုလေ့လာတဲ့ Biodiversity Research Excursion သဘောမျိုး ဖြစ်ပါတယ်..။ Lomtalay   ဆိုတဲ့ ဟိုတယ်မှာတည်းခိုရပါတယ်…။ ထိုင်းလို လေညှင်း လို့ခေါ်ပါတယ်တဲ့။ မေမေ ရောက်ဘူးခဲ့တဲ့ အနောက်ကမ္ဘာက ပင်လယ်ကမ်းစပ် တွေလို လူလုပ် ဇိမ်ခံပစ္စည်းတွေ ရှုပ်ရှက်ခတ်မနေပဲ ပင်လယ် သဘာဝ ကမ်းခြေအလှကို သဘာဝ အတိုင်းလေးပဲ ထိန်းသိမ်းထားတာမို့ ကျေးဇူးတင်စွာ အပမ်းပြေရပါတယ်…။

အသီးတွေပြွတ်နေတဲ့ နှင်းသီး ပင် ကြီးကနေ အသီးနီနီတွေ ကြွေကျတာ.. အုန်းပင်တန်းတွေအောက် က တစ်ဝက်ထိုင် လှဲလျောင်းထိုင်ခုံလေးတွေ ဟာ ရေကူးကန်နား မှာစီချထား ကာ ပင်လယ်ကို မျက်နှာ ပြု ထိုင်နေနိုင် တာပေါ့လေ..။ ထိုင်နေရင်းကြည့်လိုက်တော့ သဲသောင်ပြင်မှာ စင်္ကြာ ပုံ ရောင်စဉ်ဖြာသလို သာကူစေ့သဏ္ဍန် ကျစ်စာခဲ လုံးလုံးလေးတွေ ဟာ လှပတဲ့ ဒီဇိုင်း Pattern တစ်ခုလို… တစ်နံတစ်လျား လှပနေတော့တာ..။စိတ်ဝင်စားလို့ ဆင်းကြည့်တော့ မှ အရင်က တစ်ခါမှ မမြင်ဘူးတဲ့ လက်သည်းခွံလောက် လေး သာရှိတဲ့ Tiny Crab ခေါ် ဂဏန်းသေးသေးလေးတွေ ဖြစ်တာ လေ့လာခဲ့ ရပါတယ်..။ ရေကျသွားချိန်မှာ သူတို့ ရဲ့တွင်းလေးတွေကိုတည်ဆောက်ဘို့ ကျစ်စာလေးတွေ ဟာတွင်းတစ်ဝိုက်မှာ အစဉ်တန်းပြီး ရှိနေတာပါ..။ ဇရက်ကလေးတွေ က ထိုးသုတ် တတ်တာ မို့ လူရိပ်မြင်တာ နဲ့ တွင်းထဲ ဝင်ပြေး ကြတာပါ..။ အင်မတန် မှ လျင်မြန် လှပါတယ်..။

Tiny Crab လေး နဲ့ သူနေတဲ့တွင်း သူဖောက်လုပ်တဲ့ကျစ်စာလုံးလေးတွေပါ

နောက် မေမေ တို့အဓိက လေ့လာခဲ့တဲ့ သက်ရှိတွေက တော့ Rayong River ဒီရေတော မြစ်ကမ်းစပ် တလျှောက်မှာရှိတဲ့ ပိုးစုန်းကြူး (Fireflies) လေးတွေ..

မျိုးတုံးတော့မဲ့ ပင်လယ် လိပ်တွေ ကို သုတေသနပြုမွေးမြူနေတာတွေ ..အဲဒီကျွန်းတစ်ဝိုက်က အနက်နဲ့ အဝါကြား ငါးလှလှလေးတွေ နဲ့ သန္တာကျောက်တန်းတွေဖြစ်ပါတယ်..။

Biodiversity ဆိုတဲ့ခေတ်စားလှတဲ့စကားလုံးဟာ Biological Diversity ဆိုတဲ့ ဝေါဟာရ ကိုပေါင်းစပ်ခေါ်ဆိုတာ ကလေးတို့သိပြီး ဖြစ်မှာပါ…။ဇီဝမျိုးစုံ ကြွယ်ဝမှု လို့ မြန်မာ ကသတင်းစာတွေ ဘာသာပြန်ကြတာ တွေ့ရပါတယ်..။

မေမေတို့ နေထိုင်တဲ့ကမ္ဘာမြေ ဆိုတာက သက်ရှိဆိုလို့ လူသားတွေတင်ရှိတာမဟုတ်ဘူးနော်..။တစ်ခြားတစ်ခြားသော သက်ရှိတွေဖြစ်တဲ့ ကုန်းနေ ရေနေ သစ်ပင်တွေ…ကုန်းသတ္တဝါတွေ..ရေသတ္တဝါတွေ..သူတို့ တွေ နေထိုင်ရာခိုလှုံရာ ဒေသတွေ.. သူတို့ရဲ့ ဗီဇ အရည်အသွေး တွေ အများအပြား ကွဲပြားခြားနားစွာ ဖြစ်တည်နေမှုကို Biodiversity လို့ ခေါ်တာ ဖြစ်ပါတယ်..။

မေမေတို့နေထိုင်ရာ ကမ္ဘာမြေ သတ္တလောက ရဲ့ အခြေခံအုတ်မြစ်သဖွယ်လည်းဖြစ်ပါတယ်..။သဘာဝပတ်ဝန်းကျင် ယန္တရားတစ်ခုလုံး ပုံမှန်အတိုင်းလည်ပတ် နေစေဘို့ အမှန်တကယ် မရှိမဖြစ် အရေးကြီးလှပါတယ်…။ အဲဒီသက်ရှိတွေသာမရှိခဲ့ဘူးဆိုရင် သူတို့တွေရဲ့ ထွက်ကုန်ပစ္စည်းတွေ သူတို့ရဲ့ လုပ်ဆောင်ချက်တွေသာ ကင်းမဲ့ခဲ့ရင် မေမေတို့ လူသားတွေ အသက်ရှင်နေထိုင်ဘို့ အလွန်ခက်ခဲသွားပါလိမ့်မယ်..။

မေမေတို့လိုအပ်တဲ့ အောက်ဆီဂျင်၊ သန့်ရှင်းလတ်ဆတ်တဲ့ ရေ..သြဇာထက်သန်တဲ့မြေဆီလွှာ၊ဆေးဝါး ထုတ်လုပ်နိုင် တဲ့သစ်ဥသစ်ဖုတွေ၊နေစရာ အဆောက်အဦတွေ..အကာအကွယ်တွေ..ရာသီဥတု ညီညွတ်မျှတစေတာတွေအားလုံး ဟာ သဘာဝပတ်ဝန်းကျင် ကပဲ ရရှိကြတာပါပဲ..။ တကယ်တန်း တိတိကျကျ လေ့လာရင် ဒီထက်မက ပိုပါတယ် ကလေးတို့ ရေ..။

ဒီလို အဘိုးတန် လှတဲ့ သဘာဝပတ်ဝန်းကျင်ဟာ လူတွေကြောင့်ပဲ ပျက်စီးကုန်ခမ်းခဲ့တာ…။လူတွေ မှာ ပြန်လည်ထိန်းသိမ်း ဘို့ တာဝန်ရှိနေတာကို သားသားမီးမီး တို့သိထားဘို့ လိုပါတယ်..။တစ်နပ်စား ဉာဏ် နဲ့ ကုန်ခမ်းမသွားအောင် မလုပ်ဘို့ ထိန်းသိမ်းသုံးစွဲ ဘို့ ရေရှည် တည်တံ့အောင် စောင့်ရှောက်ဘို့ ကတော့ သက်ရှိလောကမှာ အသိဉာဏ်အကြီးဆုံးဖြစ်တဲ့ မေမေတို့လူတွေ မှာ တာဝန်ကြီးစွာ ရှိတာကို နားလည် ဘို့လိုပါတယ် ကလေးတို့ရေ..။

မေမေတို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ သက်ရှိတွေ ရဲ့ ဓာတ်ပုံ တစ်ချို့ကို ဒီလို နေရာတွေမှာhttp://www.biodiversityphotography.org/  ကြည့်ရှု လေ့လာ လို့ရ ပါတယ်ကလေးတို့ရေ..။

အကြွင်းမရှိ အလုံးစုံ ထွက်သက်ဝင်သက်ရှိသောသတ္တဝါ၊ ၊ထင်ရှားရှိ သော သတ္တဝါ၊ ထိတ်လန့်တတ်သောသတ္တဝါ၊ တည်ကြည်ငြိမ်သက် သော သတ္တဝါ၊ ရှည် သောသတ္တဝါ၊ တိုသော (ပုကွသော)သတ္တဝါ၊ မတိုမရှည်သော သတ္တဝါ၊ ကြီးသောသတ္တဝါ၊ ငယ်သောသတ္တဝါ၊ မကြီးမငယ်သောသတ္တဝါ ၊ ဆူသောသတ္တဝါ၊ ကြုံသောသတ္တဝါ၊ မဆူမကြုံသောသတ္တဝါ ၊ မျက်စိဖြင့် မြင်ကောင်းသောသတ္တဝါ၊ မျက်စိဖြင့်မမြင်ကောင်းသော သတ္တဝါ၊ အဝေး၌  နေသောသတ္တဝါ၊ အနီး၌ နေသောသတ္တဝါ၊ ထင်ရှားဖြစ်ပေါ်ပြီးသောသတ္တဝါ ၊ဖြစ်တည်နေဆဲသော သတ္တဝါ၊ ဤ အလုံးစုံသောသတ္တဝါ တို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ရှိကြပါစေကုန်သတည်း။ ဆိုတဲ့မေတ္တာ သုတ်တော် ပါဠိမြန်မာပြန် အတိုင်း Biodiversity အစုစု ကို မေတ္တာဖြန့်ကျက်ရပါတော့တယ် ကလေးတို့ရေ..။

မေမေတို့ ရောက်တဲ့ညနေမှာပဲ..Rayong Prasae River ထဲမှာ စိတ်ဝင်စားဖွယ် ပိုးစုန်းကြူးလေးတွေ လေ့လာကြပါတယ်..။ သူတို့ ကိုကြည့်ဘို့ ည အချိန်ကို မြစ်ထဲက ဖောင်ပေါ်မှာ ညစာစားရင်း စောင့်ပါတယ်…။ ဖောင်ဆိုတာကတော့ သစ်သားအိမ်လို ကိုယ်ထည်မှာ အမိုးကတော့ဓနိ ပါ။ အောက်ခြေကနေ သံ ပေပါအလွတ်တွေ ကို တွဲချိတ် ဆက်သွယ် ထားတာပါ..။ကိုယ့်အိမ်က ကြမ်းခင်း မှာထိုင်သလို ညစာစား ကြတာ..ဖောင် ၂ခုတွဲကို ဆက်ပြီး ရှေ့က နေ စက်တပ် လှေတစ်စီးက ဆွဲယူ ရင်းရွေ့လျားစေတော့တာပါ..။ ဖောင်စီးခကော ညစာ အတွက် အဖိုးအခ ပေးရပါတယ်..။ သဘဝ ပတ်ဝန်းကျင် ရဲ့ မျက်နှာသာပေးမှုအပေါ် မှာ ငွေ ရှာတတ်ကြပါပေတယ်..။ ညမှောင် လာတော့မှ ဖွင့်ထား တဲ့ ကာရာ အိုကေ တီဗီတွေ ၊ ဒစ္စကို ရောင်စုံမီး တွေ မှိတ် ၊ မီးမှောင်ချရင်း ချဉ်းကပ်ရပါတယ်။

တစ်ပင်လုံး မီးပုံးလေးများချိတ်သလို

လှလိုက်တာ… တလက်လက် နဲ့ သစ်တပင်လုံး မီးပွင့်အသေးလေး တွေ ဆွဲချိတ်ထား သလို…မေမေ ငယ်ငယ်က ရွာဘက်သွားရင် တစ်ကောင်စ နှစ်ကောင်စ တော့တွေ့ဘူးပါတယ်.. ။ဒီလို နေထိုင်မှုသဘာဝ နဲ့ အစုလိုက် ကတော့ ဒီတစ်ခါသာ တွေ့ဘူးပါတော့တယ်။

ပိုးစုန်းကြူး ဆိုတဲ့ သဘာဝ အလင်းရောင်ပိုင်ဆိုင်ကြတဲ့ အင်းဆက်ကလေး တွေပါ..။

သူတို့ဟာ တကယ်တော့ကျိုင်းကောင် အမျိုးအစားထဲမှာပါပါတယ်..။

 Family—Lampyridae

Order –Coleoptera

Genus— Oculogryphus ,Pterotus LeConte, 1859

အင်္ဂလိပ်နာမည်..Fireflies or Lightning Bugs လို့ခေါ်ပါတယ်..။

သဘာဝတရား ရဲပဇီဝကမ္မ ဖြစ်စဉ် အရပဲ အပူဓာတ်မပါတဲ့ အလင်းရောင်လေးတွေ ထုတ်လွှတ်တာ ပါ..။ သဘာဝ အရ မိတ်လိုက်ဘို့ကော…သားကောင်များကိုဆွဲဆောင်ဘို့ မီးလေးတွေကို အသုံးပြု ပါတယ်..။

 အပူမပါ တဲ့ အေးသော အလင်းရောင် ဖြစ်လို့ ဓာတုနည်းအားဖြင့်သာ ထုတ်လွှတ် တာမျိုးပါ..။ သူက အင်းဆက်ဆိုတော့ ခေါင်းပိုင်း ရင်ပိုင်း ဝမ်းဗိုက်ပိုင်း သုံးပိုင်းရှိ ပါတယ်..။ဝမ်းဗိုင်ပိုင်း မှာ အောက် ဘက်နားကိုကြည့်ရင် မှာ အဝါရောင်အစိမ်းရောင်နဲ့ အနီဖျော့ရောင်လေး ရှိနေ ပါတယ်…သူ့အလင်း ရဲ့ လှိုင်းအလျားဟာ ၅၁၀ ကနေ ၆၇၀ နာနိုမီတာရှိပါတယ်..။

 နာနိုမီတာ ဆိုတဲ့ ယူနစ်တစ်ခုကို အလျဉ်း သင့်လို့ ပြောလိုက်ပါရစေ ကလေးရေ..(A nanometre (American spelling: nanometer; symbol nm) (Ancient Greek: νάνος, nanos, “dwarf”; μέτρον, metrοn, “unit of measurement“) is a unit of length in the metric system, equal to one billionth of a metre. ) တစ်မီတာ ရဲ့ သန်းတစ်ထောင်ပုံတစ်ပုံ ဆိုတာကတော့ nanometre ဖြစ် ပါတယ်..။ nm လို့ရေးပါတယ်။

မှိတ်တုတ် မှိတ်တုတ် ဖြစ်တယ် ဆိုတာမှာ ဘယ်လို ဖွင့်စေ ပိတ်စေတယ် ဆိုတဲ့ဖြစ်စဉ်တွေ ကို ဒီနေ့ထိ ပညာရှင်တွေ မသိကြသေး ပါဘူး။အမ ဟာ ပတ်ဝန်းကျင်မှာ ဥအုချပြီး ဥကပေါက်လာ တဲ့ ပိုးတုံးလုံး လေးတွေ မှာတောင်မှ ပဲ အလင်းရောင် ပေါ်ပေါက်နိုင်စွမ်း ရှိကြပါတယ်။

မျိုးကွဲပေါင်း ၂၀၀၀ ကျော်ရှိပြီး သမ ပိုင်း နဲ့ အပူပိုင်းဒေသ ပတ်ဝန်းကျင်များမှာ တွေ့ရတတ်ပါတယ်..။ များသောအားဖြင့် ကုန်းတစ်ဝက် ရေတစ်ဝက်နေရာဒေသတွေ မှာပိုတွေ့ရပါတယ်..။ သစ်တော ထူထပ်တဲ့နေရာတွေဟာ သူတို့ ပိုးတုံးလုံး လေး တွေ အတွက် အစားအစာ တွေပေါများ တတ်လို့ပါ..။

ပိုးစုန်းကြူးလေးတွေဟာ  အစိုဓာတ် ကိုနှစ်သက်တာမို့  အာရှ တိုက်နဲ့ အမေရိကတိုက်ရဲ့ ပူနွေးစွတ်စိုတဲ့ ဒေသတွေမှာ တွေ့ရများတာပေါ့လေ..။ သူတို့ရဲ့ အလင်းရောင် ထုတ်ပေးနိုင်တဲ့အင်္ဂါ အစိတ်အပိုင်း Light Emitting Organ တော့ရှိကြပါတယ် ။ ဝမ်းဗိုက်အောက်ဘက်မှာ က ခုဏပြောခဲ့တဲ့  ရောင်ခြယ် ဆဲလ်လေးတွေ မှာ Luciferin ဆိုတဲ့ ရောင်ခြယ် ဓာတ်ပစ္စည်း ပါဝင်ကြ ပြီး အောက်ဆီဂျင် နဲ့ ဓာတ်တိုးပြီး အလင်းရောင်ဆိုတာ ဖြစ်လာတာပါ။ Luciferin ကို  Luciferase ဆိုတဲ့ အင်ဇိုင်းတွေက ဓာတ်တိုးစေတာဖြစ်ပါတယ်..။

သူ့ရဲ့ဓာတ်တိုးဖြစ်စဉ် ညီမျှခြင်းကို ကြည့်မယ်ဆိုရင်တော့ ဒီလို ရှိပါတယ်..။ အဲဒီဖြစ်စဉ်က အလင်းရောင်ထွက်လာတာဖြစ်ပါတယ်။

Luciferin ဆိုတဲ့ ရောင်ခြယ် ပစ္စည်းလေးတွေ ဝမ်းဗိုက်အောက်မှာ

In luminescent reactions, light is produced by the oxidation of a luciferin (a pigment):

Luciferase Enzyme ထုတ်လုပ်နိုင်တဲ့ဗီဇ ပါတာမို့ ဗီဇအင်ဂျင်နီယာနည်းပညာ(Genetic Engineering)  နဲ့ ပွားများ ထုတ်လုပ်ထားတဲ့ Commercial Luciferase Enzyme လည်းရှိပါတယ်..။ သွေးနီဥတွေပြိုကွဲတာကို ညွှန်ပြ စမ်းသပ်နိုင်လို့ သွေးလှူဘဏ်တွေမှာ အသုံးပြုကြပါတယ်..။ မှုခင်း ဖြစ်ပွား တဲ့အခါ ကျန်ခဲ့တဲ့ ပစ္စည်းသွေးစွန်းသွား မသွားစစ်ဆေးတဲ့နေရာမှာလည်း အသုံးပြုကြပါသေးတယ်တဲ့ ..။

Luciferase Enzyme Oxidation Process...Light appears

မေမေ့ဋ္ဌာ နက ဆရာမတစ်ယောက်ကတော့ မေမေ က အင်ဇိုင်းတွေအကြောင်း ကို စာတမ်းရေးလာမှန်း သိလို့ ခြ တွေရဲ့ အူထဲမှာ နေတဲ့ ဘက်တီးရီးယားတွေ ကသစ်သားတွေကို ချေဖျက်နိုင်တဲ့အင်ဇိုင်း Wood Degrading Enzyme ထုတ် နိုင်တာမို့ အဲဒီဘက်တီးရီးယား ကို ထုတ်ယူ မွေးမြူဘို့ ဆွေးနွေး နေလေ ရဲ့..။

အင်း……မေမေကတော့ မီးမှိတ်ထားတဲ့ ဖောင်ပေါ် မှာ ထိုင်ရင်း လကွယ်ည ဒီရေ တောထဲမှာ ကိုယ်ပိုင်အလင်းရောင်နဲ့ လင်းလက်နေတဲ့ ပိုးစုန်းကြူးလေးတွေ ကိုတော့ မမေ့တော့ပါဘူးကလေးတို့ရေ..။ အေးမြသောအလင်းရောင် Cool Light လေးတွေ စိတ်အဟုန်က ထုတ်လွှတ်ရင်း ကိုယ့်ပတ်ဝန်းကျင်ကို လင်းလင်းလက်လက် အေးအေးမြမြ ဖြစ်ဘို့ ကြိုးစားရမယ်ဆိုတာကိုပါ။

လိပ်တွေနဲ့ ငါး တွေ အကြောင်း နောက်တော့ဆက်ပါမယ်နော်…။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s