Bridgebuilder Toni Rüttimann – Toni el Suizo

မေမေချစ်သော သားသားနဲ့ မီးမီးရေ..

သူ့အကြောင်းကို မေမေ ပြောပြချင် နေခဲ့တာ ကြာပါပြီ အခုမှပဲ ရေးဖြစ်တော့တယ်..။ သူကတော့ ကလေးတို့အတွက် တင်မကဘူး မေမေ့အတွက် ပါ အတုယူရတဲ့ စံနမူနာပြ ပုဂ္ဂိုလ် တစ်ဦး ဖြစ်ခဲ့ ပါတယ်..။ သူ့အကြောင်း ကို စတင်ကြားဘူးခဲ့စဉ်မှာ သူဟာ မြန်မာပြည် မှာရောက်ရှိနေထိုင် နေခဲ့ပါ တယ်..။ လူကိုကိုယ်တိုင် သွားတွေ့မယ် လို့ ကြံစည်တော့ သူ အင်ဒိုနီးရှား ကို ခဏသွားနေ လို့ မတွေ့ခဲ့ရ ပါဘူး..။

သူ့အကြောင်း ကို စိတ်ဝင်စား အောင် တက်တက်ကြွကြွ ရုပ်လုံးဖေါ် ပြောပြ ပေးတဲ့ သူကတော့ အမေရိကန်နိုင်ငံ၊ မင်နီဆိုတာမှ ဆရာဦးအောင်ကိုး ဆရာဦးဝင်းလှိုင် တို့ရဲ့ မိတ်ဆွေဖြစ်တဲ့ သံတမန်ဟောင်း တစ်ဦးဖြစ်သူ အန်ကယ် ဦးငွေဝင်း ဖြစ်ပါတယ်..။

ဘုန်းဘုန်းဦးတိက္ခ ဥာဏ (ယောအသင်း) သီတင်းသုံး တဲ့ ကမ္ဘာအေး တိပိဋ က မဟာဂန္ဓာရုံ ကျောင်းတိုက်မှာ ဆုံဖြစ်ခဲ့ကြစဉ် မှာ ပြော ဖြစ်ခဲ့ကြတာပါ..။ အန်ကယ် ဦးငွေဝင်း က ဆွစ်ဇာလန် နိုင်ငံမှာ သံတမန် လုပ်ခဲ့တဲ့သူဆိုတော့ ဆွစ်ဇာလန် လူမျိုးဖြစ်တဲ့ သူ နဲ့ ရင်းနှီးခင်မင် ကူညီနေတာ ဖြစ်ပါတယ်..။

သူဆိုတာကတော့ ဆွစ်ဇာလန်လူမျိုး တံတားဆောက်တဲ့ပညာရှင်  Bridgebuilder Toni Rüttimann – Toni el Suizo

ပဲဖြစ်ပါတယ်..။ တိုနီ ဟာ အခု ဆို အသက် ၄၃နှစ် ရှိခဲ့ပါပြီ..။

ဒီအသက်အရွယ်မှာ တစ်ကမ္ဘာ လုံးက ချီးကျူးဂုဏ်တင် ရတဲ့ ပညာရှင် အဖြစ်ရပ်တည် နေရပြီ ဆိုတော့ သားသားတို့ မီးမီးတို့ ကတော့ ထင်မှာ ပဲနော်..။

ဘယ်..အင်ဂျင်နီယာတက္ကသိုလ် က တံတားဆောက်လုပ်ရေး အတွက် ဘာဘွဲ့တွေရအောင် ထိ သင်ယူ ဆည်းပူး ခဲ့ပါသလဲ လို့ပေါ့လေ..။

သားသား တို့ကတော့ အလုပ်လျှောက် ရင် C.V (ကိုယ်ရေးမှတ်တမ်း) လှအောင် ဘာသင်တန်း လေးတက်လိုက်အုံးမှ ဘာ ဘွဲ့လေးတော့ ယူလိုက်အုံး မှ ဆိုတဲ့ သမရိုးကျ လုပ်ရိုးလုပ်စဉ် တွေ ကို တိုနီက သူ့နည်းသူ့ဟန်နဲ့ ကျော်လွှားခဲ့ပါတယ်..။

သူဟာ ဘာ တက္ကသိုလ်မှ မတက်ရောက်ခဲ့ပါဘူးဆိုရင် ထူးဆန်းနေမှာပဲနော်..။

ပညာရေးနဲ့ ပတ်သက်ပြီး သူဆုံးဖြတ် ချက်ချလိုက်တဲ့ အဲဒီအချိန်မှာ တိုနီဟာ အသက် ၁၉နှစ်ပဲ ရှိပါသေးတယ်..။ တောင်အမေရိကတိုက်က အက်ကွေဒေါ နိုင်ငံမှာ ကြီးကျယ်တဲ့ငလျင် တစ်ခု တုန်လှုပ်ခဲ့ တဲ့သတင်းဟာ ဆွစ်ဇာလန်မှာ နေထိုင်တဲ့ တိုနီရဲ့ ဘဝ လမ်းကြောင်းကို ပြောင်းလဲစေ ခဲ့ပါတယ်..။ ငလျင်လှုပ် တဲ့ည မှာ သူဟာ အထက်တန်းကျောင်း က ပြီးဆုံး အောင်မြင်တဲ့ နေ့နဲ့ တိုက်ဆိုင်နေခဲ့ တာဟာလည်း တွန်းအားတစ်ခု ပါပဲ..။

သူ့နှလုံးသား ကို ကရုဏာလှိုင်းတွေ ရိုက်ခတ်လာတဲ့အတိုင်း အကောင်အထည် ဖေါ်ပါ တော့တယ်.. ။သူ သွားရောက်ကယ်တင်ချင်စိတ်ပြင်းပြင်းပြပြ ဖြစ်ခဲ့ပါတယ်..။ ကယ်တင်ချင်စိတ်သာရှိနေခဲ့ တာ …ဒါပေမဲ့ သူဟာ တောင်အမေရိက ဘာသာစကား လည်း မတတ်ပါဘူး။ သူ့ကို စောင့်ကြို ကူညီပေးမဲ့ သူတွေ လည်းရှိ မနေပါဘူး။

တီဗီမှာမြင်ရတဲ့ ငလျင်သတင်း တွေထဲမှာ သူ့ရင်ထဲကို အစွဲ မြဲဆုံးနဲ့ ထိထိခိုက်ခိုက်ခံစားရဆုံး ဆုံးမြင်ကွင်း ကတော့ ဒုက္ခ သည်အများစု ကို ရှင်လမ်းနဲ့ သေလမ်း ပိုင်းခြားထားတဲ့ မြစ်တစ်စင်း ပါပဲ..။

အဲဒီမြစ်အပေါ်မှာ တကယ်လို့သာ တံတားတစ်စင်းသာရှိခဲ့ရင် လူတွေဒီလို ဒုက္ခ မရောက်ကြဘူး အသက်ရှင်သန်အောင် ပြေးလွှားလွတ်မြောက်နိုင်ကြမယ်ဆိုတာ သူတွေးမိ ခံစားရပါတယ်..။ ၁၉နှစ်ရွယ်ကလေး တစ်ယောက်ရဲ့ နှလုံးသားမှာ တံတားဆောက်ချင်စိတ်ဟာ သံမှိုနှက်သလို စွဲမြဲ ကြီးစိုးလို့နေခဲ့တယ်..။

တံတားသာဆောက်ဖြစ်ခဲ့ရင် …..တံတားတွေသာရှိနေခဲ့ရင်….တံတား တံတား…တံတား

သူ အိမ်ကထွက်ခွာပြီး အက်ကွေဒေါကိုသွားမယ်…. ပထမဆုံးသူ့ဆရာမကိုအရင်စမေးပါတယ်..။ သူတံတားဆောက်ချင်တယ် တံတားဆောက်တဲ့ အင်ဂျင်နီယာဘွဲ့အတွက် ဘယ်နှစ်နှစ်လောက် ပညာသင်ရမလဲ တဲ့။ သူ့ဆရာမ က အနည်း ဆုံးလေးနှစ်ကနေ ခြောက်နှစ်ထိသင်ရမယ် လို့ဖြေ တော့..သူမစောင့်နိုင်ခဲ့ဘူး။ အခု သွားကူဆောက်လို့ကောမရဘူးလား ဆိုတော့ ရတာပေါ့ ဆောက်လို့ရတယ် ဆရာမ က လို့ဖြေပါတယ်..။

သူ့အမေကလည်းတော်တော်လေး ချီးကျူးစရာကောင်းခဲ့ပါတယ်။ သားကို သွားခွင့်ပေးခဲ့ တယ်။ မေမေသာဆို မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့ သားရယ်တက္ကသိုလ် ဆက်တက်ပါအုံး လုပ်နေမလားပဲ နော်..။

အက်ကွေဒေါ ကို မသွားခင် ဆွစ်ဇာလန်မှာ ရံပုံငွေ ရှာပါတယ် လှူကြတန်းကြပါ..။ ဒုက္ခသည်များ ကို ကူညီပါ သူက လူပါသွားကူပါမည် စသည်ဖြင့်ပေါ့လေ.. သူ့ရဲ့ ထက်သန်ပြင်းပြတဲ့စိတ်နဲ့ ပါပဲ ဖရန့်ငွေ ၂၀၀၀ ကျော်ရရှိခဲ့ပါတယ်..အဲဒီငွေ ဟာ သူဆုံးဖြတ်လိုက်တဲ့ ဘဝ ခရီး အတွက် ပထမဆုံးသော ခြေလှမ်း ဖြစ်ခဲ့ရပါတယ်..။

သူ့စိတ်ထဲမှာတော့ သေခြင်းနဲ့ရှင်ခြင်းကြားမှာ တံတားတစ်စင်း ရှိတယ် တဲ့။

ဆင်းရဲခြင်း နဲ့ ချမ်းသာခြင်းကြားမှာ….

ဝေးကွာခြင်း နဲ့ ဆုံဆည်းရခြင်းအကြားမှာ…..

မဖွံ့ဖြိုးခြင်း နဲ့ ဖွံ့ဖြိုးတိုးတက်ခြင်း အကြား မှာ….

အလင်းနဲ့အမှောင် ကြားမှာ…… တံတားတစ်စင်းရှိလို့ နေခဲ့ပါသတဲ့…။ဒါကြောင့်လည်းတံတားတွေဆောက် တာ ဟာ လူတွေကို ကယ်တင်တာပါ လို့သူယုံကြည်ပါတယ်..။

တစ်ခုတည်းသော စေ့ဆော်မှု ဟာ တံတားဆောက်မယ်…။

မေမေတို့ ကျေးဇူးတော်ရှင် ဗုဒ္ဓ ဘုရားဟောကြားခဲ့တာ အဓိပတိလေးပါးရှိတဲ့ထဲက  (ဆန္ဒာဓိပတိ၊ စိတ္တာဓိပတိ၊ဝီရိယာဓိပတိ၊) ဆိုတဲ့  သုံးပါးနဲ့ ကိုက်ညီ လို့နေခဲ့တယ်..။ ဝီမံသာ ဓိပတိ-ပညာကျတော့သူဘယ်လိုသင်ခဲ့လဲ..။ တံတားဆောက်တဲ့လုပ်ငန်းခွင်ဟာ တံတားဆောက်တဲ့ပညာသင်ဘို့ အကောင်းဆုံးနေရာပေါ့ တဲ့ သူဝင်လုပ်ပါတယ်..။ သူမေးမြန်းပါတယ်..လေ့လာပါတယ်..။ဆည်းပူးပါတယ် ၊သင်ယူပါတယ်။ လက်တွေ့ လေ့ကျင့်ခဲ့ပါတယ်..။ အခက်အခဲပေါင်းများစွာ လည်းကျော်ဖြတ်ခဲ့ရမှာ အသေအချာ ပေါ့။

မေမေ ကတော့  အသက်မွေးဝမ်းကျောင်း ပညာရေး ကိုဦးစားပေးတဲ့နယ်ပယ် ထဲကမို့ အဲလိုရေ ထဲခုန်ချပြီး လက်တွေ့ ကူးခတ်လိုက်တဲ့ တိုနီ့ကို လက်ခုပ်တီးပါတယ်။ မှန်ပါတယ် တိုနီရေ…လူတွေချီးကျူး အသိအမှတ်ပြုခံရဘို့ ဘွဲ့တွေကိုယူခဲ့မိတယ်..အသုံးချဖြစ်ဘို့ အကျိုးပြုဘို့ ဆိုတဲ့နယ်ပယ် ထိမရောက်ပဲ ဆုံးပါးလေလွင့်ခဲ့ရတဲ့ စာသင်ချိန်တွေ ဘယ်လောက်များနေကြမလဲ..။

အခု ဆိုရင် သူလျှောက်လှမ်း ခဲ့တဲ့ တံတားဆောက် တဲ့ သူ့ဘဝဟာ ၂၃ နှစ်တာ ရှိခဲ့ပါပြီ..။ သူ့ကိုလမ်းညွှန် ပေးကြတဲ့သူ တွေကတော့  သဘာဝ ဘေးအန္တရာယ် ကြောင့် ဒုက္ခရောက်ကြသူ တွေ ပါလို့ သူဖြေပါတယ်..။ သူတို့ လိုအပ်တာတွေ လုပ်ကိုင် ဆောင်ရွက်ပေးရင်း နဲ့ တိုနီဟာ ပညာ တွေပြည့်ဝ လာခဲ့ပါတယ်.တဲ့.။

ပြင်းပြထက်သန်တဲ့ စိတ်နဲ့ တက်တက်ကြွကြွရှိလေတော့သူ့ကို ကူညီလှူဒါန်းလိုသူတွေ ပေါများလာခဲ့ပါတယ်..။

တိုနီကတော့ ငွေကိုလက်မခံပါဘူး။ငွေက လူကိုဖျက်ဆီးတတ်တယ်တဲ့။ လှူချင်ရင်တော့ တံတားဆောက်တဲ့ ပစည်းတွေသာ ပို့ပေးပါတဲ့..။ သံဘောင်တွေ ကေဘယ်ကြိုး တွေ ပေးပို့ ရမဲ့နေရာသာ တုံးပြန်လေ့ရှိပါတယ်..။ ငွေ လှူ တ့သူတွေကိုလည်း ငွေကိုမယူ ငွေ ရဲ့ စာရင်းသာ ယူပါတယ်..။ လိုတဲ့အခါမှသာဖုန်းဆက်ပြီး ဘယ်လောက် ဘယ်၍ ဘယ်မျှ ဘယ်ကို ပို့ပေးပါ..။ ဘယ်လောက် လက်ကျန် ကျန်ပါသေးတယ် စသည်ဖြင့် လက်ခံယူလေ့ ပါတယ်..။

သူ့အကြောင်းကို TIME မဂ္ဂဇင်း ကအောက်ပါအတိုင်း ရေးသားဖေါ်ပြခဲ့ပါတယ်..။

As the Times in London has defined him, one of the world’s more elusive heroes. He has not got a home; he carries all he needs in two small bags. One is for his personal effects, the second one for his suspension bridge building materials. Toni helps the most destitute people to build or re-build their own bridges, often after a hurricane, an earthquake, or a war event.

တိုင်းမဂ္ဂဇင်း ထဲမှာ သူ့အကြောင်း ကိုဖေါ် ပြထားတာ…သူ့ မှာ ကိုယ်ပိုင်အိမ် မရှိပါ..သွားလေရာ အိတ်လေး ၂လုံးသာ ပါပါတယ်..။တစ်လုံးက သူ့ရဲ့ ကိုယ်ရေး ကိုယ်တာ နဲ့ ပတ်သက်တာ တွေထည့်ဘို့ ကျန်တာက တော့ တံတားဆောက် တဲ့ ပစ္စည်းကိရိယာ တွေ ထည့်တဲ့အိတ် ပါ..။

ရိုးစင်းဖြောင့်မတ်စွာ စကားပြောတတ် သလို အမြဲလည်းပြုံးနေ တတ်ပါတယ်..။ သူ့ကို အန်ကယ် ဦးငွေဝင်း ကသူ့ရဲ့  မြင့်မြတ်တဲ့လုပ်ရပ်ကြောင့် (ဘိုးတော်လေး) ရယ်လို့  မြန်မာလို ချစ်စနိုးနာမည်လေး ပေး ထားပါတယ်..။  သူကကြိုက်တယ် တဲ့..။ ဆွစ်ဇာလန်လို အသံထွက်နဲ့ ဘာသာ ပြန်ရရင် ဘိုးတော်လေး ဆိုတာ မြည်း ကိုခေါ်တာတဲ့ မြည်းဆိုတာ လူ ခိုင်းတာ ခံရ လုပ်ပေးရတယ် ဆိုတော့ သူ့ ဘဝလိုပါပဲ တဲ့..လေ။ ရိုးစင်း၊ နှိမ့်ချတတ်လိုက် တာလို့မေမေ ချီးကျူးမိပါတယ်..။

အန်ကယ်ဦးငွေဝင်းက ပြောပြပါသေးတယ်.. အိပ်ယာသေချာပြင်ပေးပေမဲ့ လည်းကြမ်းပြင်မှာ သာ အိပ်သတဲ့..။ စားစရာလည်းဇီဇာ မကြောင်ဘူးတဲ့ တံတားဆောက်တဲ့ နေရာတွေဟာ တော ထဲတွေ ဆိုတော့ ရတဲ့အရွက် ပြုတ် နဲ့စားတတ်အောင်လည်းလေ့ကျင့်ထားပါသေးတယ်တဲ့..။

တစ်ခါ ကမ္ဘောဒီးယားမှာ အဲလို တံတားဆောက်နေ တုံး ရောဂါတစ်ခုဖြစ်ပါတယ်..။ ရောဂါပြင်းထန် တာကိုသိလေတဲ့ ထိုင်းမင်းသမီး သိရီဒုံ က နှစ်နိုင်ငံ အစိုးရချင်း ဆက်သွယ် အကူအညီ တောင်းပြီး တော့ တောထဲကနေ ရဟတ်ယာဉ် နဲ့ ထိုင်းကို ခေါ်ယူ ဆေးကု ပေးခဲ့ပါတယ်..။ ရောဂါ ပြင်းထန်တော့ ဆေးရုံပေါ်မှာ ၂နှစ် တောင် ကြာခဲ့တယ် ဆိုပါတယ်..။

အဲဒီ၂-နှစ်အတွင်းမှာ လက်က လှုပ်မရတော့ ပါးစပ်နဲ့ ကိုက်ပြီး သုံးလို့ရတဲ့ ကိရိယာကို အသုံးပြုပြီး Touch Screen Computer နဲ့ တံတားဆောက်တဲ့ ပရို ဂရမ် တခု ရေးဆွဲ ပြီးစီး ခဲ့တယ်..။ ဒါ့အပြင် ထိုင်းစကား ကိုလည်းတတ်အောင်သင် ယူနိုင်ခဲ့ပါတယ်တဲ့ ။

အန်ကယ် ဦးငွေဝင်း တို့ ကိုလည်း ပြောထားပါသေးတယ် သူက ဘာသာရေး စိတ်ဝင်စားလို့ကို ဗုဒ္ဓဘာသာ အကြောင်း သင်ယူပါမယ်တဲ့။ မသင်သေးပေမဲ့လည်း ဗုဒ္ဓ အဆုံးအမ အတိုင်း ကျင့်သုံး လိုက်နာ နေထိုင်သူ ဖြစ်နေပါပြီလေ။ သာဓုပါတိုနီရေ..။

အခုဆိုရင် သူ ပါဝင်ဦးဆောင် ဆောက်လုပ်ခဲ့ တဲ့ တံတားပေါင်းဟာ တောင်အမေရိက တိုက်နဲ့ အရှေ့တောင် အာရှမှာအစင်းပေါင်း ( ၅၄၀ ) ကျော်ခဲ့ပါပြီ..။ မြန်မာပြည် မှာတော့ မြစ်ကြီးနားဘက်မှာ တံတားဆောက်နေတယ် သတင်းကြားရပါတယ်..။

မနှစ်က အန်ကယ်ဦးငွေဝင်း က ဆွစ်ဇာလန်ရောက်လေတော့ သူ့မိဘတွေကို ပြောပါတယ်..။ တိုနီလည်း မငယ်တော့ဘူး အသက် ၄၀ကျော် ရှိပြီ အိမ်ထောင်ရက် သားလေး ချပေးလိုက်ပါဆို တော့ သူ့မိခင်က ပြုံးပြီးဖြေပါတယ်တဲ့..။ သူ့ကို ဘာရှာပေးစရာလို လို့ လဲတဲ့ သူက တံတားနဲ့ လက်ထပ်ခဲ့ တာ အနှစ် ၂၀တောင်ကျော်ခဲ့ ပြီပဲတဲ့..။ အော် တိုနီက တံတားအတွက် ဘဝပါပေးခဲ့တာပဲကိုး လို့..။

ကလေးတို့ရေ.. မေမေဆိုချင်တာ က တိုနီရဲ့  Self Learning မိမိ ကိုယ်တိုင်သင်ယူမှု နဲ့ အာရုံ စူးစိုက်မှုဟာ အောင်မြင် စေတယ်ဆိုတာကို ပါပဲ..။ သူကတော့ပါရမီရှင် ပါ..။

တက္ကသိုလ်တွေ မတက်ရလို့ တော့ အားငယ်စရာ မရှိပါဘူး အခုခေတ် ဆို လေ့လာ စရာတွေက အလွယ်တကူ ရနေနိုင်ပါတယ်..။ အင်တာနက် ကို သုံးပြီး အကျိုးမရှိတာတွေ  အတွက် အချိန်တွေ မဖြုန်းတီး ပစ်စေချင်ပါ.။

ကိုယ်ဝါသနာပါ တဲ့အလုပ်ကို စူစူးစိုက်စိုက် ၊ စွဲစွဲမြဲမြဲလုပ် ဘို့ သာအရေးကြီးတယ်နော်..။ ဟိုစပ်စပ် ဒီစပ်စပ် မဖြစ်စေ နဲ့ပေါ့..။

လူ့ဘဝမှာနေတုံး ခဏမှာ အများအကျိုး ရှိတဲ့အလုပ်တခု ကို ထိထိရောက်ရောက် အောင်မြင် အောင် ဆောင်ရွက်ရမယ် ၊ တန်ဘိုးရှိလှတဲ့ အချိန်တွေ ကို မဖြုန်းတီး သင့်ဘူးဆိုတာ မေမေ သင်္ခန်းစာရ လိုက်ပါတယ်..။ကိုယ့်ကိုကို ဆုံးမ ဖြစ်လိုက်ပါတယ်..။ အပျင်းထူမယ်ကြံရင်လည်း တိုနီ့ကို ပြေးမြင်ယောင် မိပါတော့တယ်..။

တိုနီ သက်ကျော်ရာကျော်ရှည် ပါစေ..။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s